ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၊ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပူတာအို မေ ၁

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းနှင့်အတူ ယမန်နေ့ ညနေ (၃) နာရီက ခရိုင်လမ်းဦးစီးဌာန ရိပ်သာအစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွက် ‌‌ဖေဖော်ဝါရီလနှင့် မတ်လများတွင် စိုက်ပျိုးတောင်သူများအတွက် စက်သုံးဆီ ဒီဇယ်ဆီ ပေပါ (၂၅၀)တင်ပို့ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်နယ်အတွင်း စက်သုံးဆီရရှိရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြည်တွင်းထုတ်မန်းသံပရာကန် ဓာတ်ဆီနှင့်သီလဝါ 500 ppm ဒီဇယ်ဆီတစ်ချို့ ရရှိလာပါကြောင်း၊ ဒေသတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကလည်း မန်းသံပရာကန် ဓာတ်ဆီနှင့်သီလဝါ 500 ppm ဒီဇယ်ဆီများကို ဝယ်ယူရောင်းချလိုပါက ရနိုင်သမျှ သင့်တင့်မျှတစွာ ခွဲဝေတင်ပို့ပေးမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် ဆန္ဒရှိပါက ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိနှင့် တိုင်ပင်ဆွေးနွေးဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းက ကချင်ပြည်နယ်အတွင်း စက်သုံးဆီနှင့်ပတ်သက်၍ ကော်မတီ(၃)ရပ်ရှိပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးရာတွင် “ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နိမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီဖြစ်စေရေး ကြီးကြပ်မှုဆပ်ကော်မတီအနေနှင့် ပူတာအိုခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ခရိုင်ကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့များအနေနှင့် မိမိတို့ဦးစီးဌာနများ၏ SOP များအတိုင်း လုပ်ငန်းစစ်ဆေး လမ်းညွှန်တည့်မတ်သွားကြရန်နှင့်အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းစသည့်အဆင့်ဆင့်လုပ်ငန်းစဉ်များအတိုင်း လစဉ်စစ်ဆေးသွားကြရမည်ဖြစ်၍ ယခုလိုလာရောက်စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များနှင့် စက်သုံးဆီသုံးစွဲသူ ပြည်သူတို့၏အခက်အခဲသည် မိမိတို့ဌာန၏အလုပ်ပင်ဖြစ်၍ အခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် ခရိုင်စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဘထီခီတို့က မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ ခရိုင်အတွင်း စက်သုံးဆီများ အရန်ထားရှိနိုင်ရေး အရောင်းဆိုင်လုပ်ငန်းရှင်များမှ ကြိုတင်တွက်ဆဆောင်ရွက်ထားကြရန်နှင့် စက်သုံးဆီဈေးနှုန်းများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး၊ ခရိုင်အတွင်းလိုအပ်မည့် စက်သုံးဆီများ အချိန်မီရရှိနိုင်ပါက မိုးရာသီစက်သုံးဆီများဖူလုံအောင် စုဆောင်းနိုင်မည်ဖြစ်၍ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း မိုးများပြီး မပျက်စီးမီ စက်သုံးဆီများတင်ပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရန် တင်ပြကြရာ တင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမင်းမင်းက ပြည်နယ်အတွင်း နေပြည်တော်(ရုံးချုပ်)မှ ခွင့်ပြုရရှိထားသော မန်းသံပရာကန် ဓာတ်ဆီနှင့်သီလဝါ 500 ppm ဒီဇယ်စက်သုံးဆီများမှ သင့်တင့်မျှတစွာခွဲဝေ၍ ပြည်နယ်အစီအစဉ်ဖြင့်ပေးပို့နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထိုမှတစ်ဆင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းမင်း၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ လုံးစွတ်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်ရှိ PETRO7၊ ဇေယျာမင်း၊ တိုင်းကျော်နှင့် BTK စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကွင်းဆင်းစစ်ဆေးပြီး စက်သုံးဆီအရောင်းဆိုင်များတွင် Record ရယူရန် CCTV များ တပ်ဆင်ထားခြင်းရှိမရှိနှင့် သတ်မှတ်လမ်းနယ်နိမိတ်အတွင်း ရောက်ရှိမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက် (ပူတာအို)