ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

စစ်တွေ မေ ၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌  (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြပြီး စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးရင်ပြင်တော်နှင့် ဘုရားကြီးသိမ်တော်ပရဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှုခင်းသာလမ်းအပိုင်း(၃) ပွိုင့်အပန်းဖြေ စခန်းဘက်ခြမ်းတွင် ရေတားနံရံဘေးတလျှောက် ဒီရေလှိုင်းဒဏ်ကာကွယ်စေရန် Tetrapod အလုံး(၃၀၀)အား အသင့် ပြုလုပ်ပြီးနေရာချထားခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသင့်ပြုလုပ်ပြီး Tetrapod များအား စက်ယန္တရားများဖြင့် သယ်ယူနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  အသင့်ပြုလုပ်ပြီး Tetrapod များအား စက်ယန္တရား အင်အား၊ လူအင်အားများအသုံးပြုကာ နေရာချထားနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်လုပ်ငန်းခွင်အန္တရာယ်၊ ဒီရေလှိုင်းအန္တရာယ်ကာကွယ်နိုင်ရန်စနစ်တ ကျဆောင်ရွက်နိုင်ရေး၊ ကမ်းခြေပတ်လမ်း တိုးချဲ့ဆောင်ရွက်ရန်အတွက် စနစ်တကျနေရာချထား ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အသင့်ပြုလုပ်ပြီး Tetrapod များအား နေရာချထားနေမှု၊ လိုအပ်သောနေရာများတွင် စက်ယန္တရားများဖြင့် မြေညှိပေးနေမှုတို့ကိုလှည့် လည်ကြည့်ရှုစစ်ဆေးကြပြီး ဒီရေအတက်အကျ၊ ရာသီဥတုအခြေအနေအပေါ် ဆောင်ရွက်ရသည့်အတွက် သတ်မှတ်ကာလအတွင်း အန္တရာယ်ကင်းရှင်းစွာ ပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)