ကမာရွတ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး၊ အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်မှုများ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန် မေ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်းမှုများ အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧပြီလ ၂၈ ရက်နေ့က အမှတ်(၁၀)ရပ်ကွက်၌  ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ဥပ​ဒေအရာရှိတို့မှ အသီးသီးဟောပြောပေးကြပြီး မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားပေးခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ဘုတ်များကို ပြသပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်နှင့် နံရံကပ်ဘုတ်များတွင် ပြည်သူများအသိပညာရရှိစေရန်အတွက် က‌လေးအလုပ်သမားပပျောက်‌ရေးနှင့်ပတ်သက်၍ ကလေးသူငယ်များအား အတင်းအကြပ်ခိုင်းစေခြင်းများ၊ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်စေမည့်အလုပ်များကို ခိုင်းစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးသူငယ်ဆိုင်ရာ မြန်မာနိုင်ငံမှဥပဒေသများ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကလေးလုပ်သား၏ အကျိုးဆက်များ စသည်ဖြင့်ပါဝင်ကြောင်း ပြည်သူများသိရှိနိုင်စေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍လည်း နံရံကပ်စာစောင်တွင် ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားပေါ်ပေါက်လာသည့်အဓိကအကြောင်းအရင်းများ၊ ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် အတင်းအကြပ်ခိုင်းစေမှုများ၊‌ ကျေးကျွန်ကဲ့သို့ ခိုင်းစေမှုများနှင့်ပတ်သက်သည့် ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များနှင့် ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်‌စေရန် ကာကွယ်လျှော့ချနိုင်သည့် နည်းလမ်းများနှင့် ကလေးအလုပ်သမားများ၏ လုပ်ငန်းခွင်တွင် ကြုံတွေ့နိုင်သည့် အန္တရာယ်များအကြောင်းတို့ကို အသေးစိတ်ပြသပေးရာ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ရပ်ကွက်အတွင်းရှိ ကလေးလူငယ်ပြည်သူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)