ပူတာအို ဧပြီ ၃၀
၂၀၂၅-ခုနှစ် မတ်လတွင် စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် ၂၈-၃-၂၀၂၅ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အား အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် (Grade-12) ကျောင်းသား၊ ကျောင်းသူ များအား ပုံနှိပ်စာအုပ်ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ဧပြီ(၂၈)ရက် မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြော ကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က ပုံနှိပ်စာအုပ်များ ပြန်လည်အပ်နှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က တက္ကသိုလ်ဝင်တန်း(Grade-12) ပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား နိုင်ငံတော်မှအခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ် များအားပြန်လည်ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးရခွီဇိန်က လွှဲ ပြောင်းလက်ခံရယူသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်နှင့် အထက်တန်းကျောင်း အုပ်ကြီးများ၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများ၊ ကျောင်းသား မိဘများစုစုပေါင်း အင်အား(၃၀၀)ကျော်ခန့်တက်ရောက်ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12)အား ပူတာအိုခရိုင်တွင် စာစစ်ဌာန သုံးခုတွင် ကျောင်းသားကျောင်းသူစုစုပေါင်း(၆၀၀)ကျော် ပြန်လည်ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ၂၀၂၅-ခုနှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲအား ဇွန်လ(၁၆)ရက်မှ(၂၁)ရက်အထိ ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဖုန်ကန်(ပူတာအို)