ကျောက်ဆည် ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအား(၁)လစာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ (၁)လစာ ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ငလျင်ဘေးကြောင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် (၁)မိနစ်ခန့် ငြိမ်သက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား အားပေးစကား ပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ်ရှိ ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် လတ်တလော စားသောက်ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ (၁)လစာတို့အားလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်တွင် ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်မှလည်းကောင်း၊ မြစ်သားမြို့နယ်တွင် ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ကျောက်ဆည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှလည်းကောင်း ထောက်ပံ့ငွေနှင့် လတ်တလော စားသောက်ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ (၁)လစာတို့အား လက်ခံရယူပြီး သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများမှ ငလျင်ဘေးသင့်သေဆုံးသူများ၏ မိသားစုဝင်များအား လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)