ပင်းတယ ဧပြီ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးစံပြကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းခန်းမ၌ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်ထူး၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းသည် ခေတ်မှီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ဂရုတစိုက်ကြိုးစားသင်ယူပြီး သင်တန်းပြီးဆုံးသည့်အချိန်တွင် သင်တန်းမှရရှိသည့် နည်းပညာများ ပညာရပ်များဖြင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်ပြီး မိမိတို့ရဲ့ မိသားစု စီးပွားရေး၊ မိမိတို့ဒေသဖွံ့ဖြိုးရေးတို့ကို အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းအား ကျွမ်းကျင်သော နည်းပြများဖြင့် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၁၁) ဦး တက်ရောက်ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ဓနုကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အဆိုပါစာသင်ကျောင်းခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)