ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် Camp (စခန်းသွင်း) ဖွင့်လှစ်သင်ကြားပေး

ချမ်းအေးသာစံ ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့်ကျောင်းသားများအတွက် အောင်ချက်မြင့်မားရေးနှင့် သင်ယူမှူများပိုမိုထိရောက်စေရန်အတွက် ချမ်းအေးသာစံမြို့နယ်တွင် .ထ.က(၁၅)ကျောင်းဝင်းအတွင်း၌ ဧပြီလ(၂၈)ရက်နေ့မှစ၍ Camp(စခန်းသွင်း) ဖွင့်လှစ်သင်ကြား‌ပေး လျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ငလျင်ဒဏ်ကြောင့် အိုးအိမ်များထိခိုက်ပျက်စီးခဲ့သည့် ကျောင်းသားများနှင့် Camp(စခန်းသွင်း) လေ့ကျင့်သင်ကြားရန် ဆန္ဒရှိသူများအတွက် လက်ခံသင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသားများလုံခြုံရေး၊ နေထိုင်စားသောက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် သင်ထောက်ကူပစ္စည်းများအတွက် ကူညီပံ့ပိုးသွားမည်ဖြစ်သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့်ကျောင်းသားများ Camp(စခန်းသွင်း)လေ့ကျင့်သင်ကြားပေးမှုနှင့် နေထိုင်စားသောက်ရေးတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်းပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှုးများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။

ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာစုံဖြေဆိုသူ ၁၅၃၅ဦး ဖြေဆိုခဲ့ပြီးပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်အတွက် ပြန်လည်သင်ကြားရေးတွင် ဧပြီလ (၂၈)ရက်နေ့ စာရင်းအရ (၁၁၆၇)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်