လယ်ဝေး ဧပြီ ၃၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် နွေသီးနှံ၊ နွေစပါးစိုက်ပျိုးရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြွေရိုးလေး၊ ရှမ်းစု၊ အေလာ၊ သာဝတ္ထိရှေ့တန်းစခန်းအဖွဲ့ခေါင်းဆောင်များ၊ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန်ကျန်သည့် ကျေးရွာအုပ်စု စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက မကြာမီ နွေစပါးနှင့် နွေသီးနှံရာသီကာလ ကွင်းပိတ်တော့မည်ဖြစ်၍ လျာထားချက်ပြည့်မီရေး သက်ဆိုင်ရာရှေ့တန်းစခန်းအလိုက် ကြီးကြပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အချို့ဒေသများတွင် ရေရရှိပြီး နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမှုမရှိသည်ကို ကွင်းဆင်းစိစစ်တွေ့ရှိရကြောင်း၊ ၎င်းနေရာများကို သက်ဆိုင်ရာရှေ့တန်းစခန်းအဖွဲ့များမှ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များနှင့်ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ဆည်မြောင်းများ၏ ရေပေးမြောင်းများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် အချိန်မီပြုပြင်၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးထားပြီးဖြစ်၍ လျာထားချက်အတိုင်း စိုက်ပျိုးစေရေး ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ရေရရှိပြီး စိုက်ပျိုးမှုမရှိသော တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌ ဦးဝင်းအောင်က ဆီထွက်သီးနှံ (နွေနှမ်း) စိုက်ပျိုးရာတွင် ရာသီချိန်နောက်ကျ၍ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ ဆီထွက်သီးနှံ(နွေနှမ်း) စိုက်ပျိုးရန်အခက်အခဲရှိပါက ပဲတီစိမ်းစိုက်ပျိုးနိုင်ကြောင်း၊ ရေရရှိပြီး နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမှုမရှိသော ဒေသများတွင် အချိန်မီစိုက်ပျိုးစေရေး ရှေ့တန်းစခန်းအဖွဲ့များမှ တွန်းအားပေးကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်၊ ကန်အလိုက် ရေပေးဝေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
လယ်ဝေးမြို့နယ်စိုက်၊ ကြီးကြပ်ကော်မတီအနေဖြင့် လယ်ဝေးမြို့နယ်အတွင်း နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမှု လျာထားပြည့်မီရေးနှင့် တစ်ဧက သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများ၊ ရှေ့တန်းစခန်းအဖွဲ့များ၊ ရပ်၊ ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့်ပေါင်းစပ်၍ တောင်သူများအား စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)