တပ်ကုန်း ဧပြီ ၃၀
၂၀၂၅ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်းများနှင့် သင်ခန်းစာပို့ချနေရာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်အတွင်း ရွှေမြို့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာကျောင်းအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိဘများနှင့်တွေ့ဆုံကာ ရာနှုန်းပြည့် စခန်းသွင်းလေ့ကျင့်သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများသင်ကြားမည့် စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် သင်ခန်းစာပို့ချနေရာများကို လှည်လည်ကြည့်ရှုခဲ့သည်။
တပ်ကုန်းမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်း စုစုပေါင်းခြောက်ကျောင်းရှိပြီး သင်ခန်းစာပို့ချမှုအနေဖြင့် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများအပြင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှ ဆရာ၊ ဆရာမများကလည်း လာရောက်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်တာဝန်ရှိသူများနှင့်အတူ အ.ထ.က(၁၂)၊ အ.ထ.က(မင်းကုန်း)ကျောင်းတို့တွင် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့်နေရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်