လွိုင်လင် ဧပြီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူးတက်ရောက်၍ အမှာစကားပြောကြားပြီး စီမံကိန်းတာဝန်များကို သက်ဆိုင်ရာဌာနများသို့ တာဝန်ပေးအပ်ခဲ့သည်။
အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲသို့ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က ရှမ်းပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် ရှမ်းပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ဥပဒေကိုထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလ (၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခရိုင်အလိုက်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယခုနှစ် ဒေသန္တရစီမံကိန်းတွင် နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသားရေးတာဝန်မျှော်မှန်းချက် (၂)ရပ်ကို မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့်လုပ်ငန်းစဉ်အဖြစ် ခံယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသန္တရစီမံကိန်းတာဝန်များကို သက်ဆိုင်ရာဌာနများသို့ ပေးအပ်ပါသည်။
ဆက်လက်၍ ခရိုင်စီမံကိန်းဦးစီးမှူး ဦးအောင်လင်းဇော်က ၂၀၂၄-၂၀၂၅ စီမံကိန်းရည်မှန်းချက်များအပေါ်ဆောင်ရွက်နိုင်မှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်များနှင့် စပ်လျဉ်းသည်များကို ရှင်းလင်းတင်ပြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
လွိုင်လင်မိုး