မော်လမြိုင် ဧပြီ ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၊ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ပြိုင်ပွဲများ ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက တစ်ဖွဲ့လျင်(၃)ဦးဖြင့် အဖွဲ့(၅)ဖွဲ့စုဖွဲ့၍ ပြိုင်ပွဲခေါင်းစဉ်များအလိုက် မဲနှိုက်ကာ ပါဝင်ယှဉ်ပြိုင်နေမှုတို့ကို လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဒိုင်အဖွဲ့ဝင်တို့က စိစစ်အကဲဖြတ်ကာ ဆုများရွေးချယ်ပေးခဲ့ကြသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် IT နည်းပညာဖြစ်ပေါ်တိုးတက်လာမှုနှင့် သဘာဝဘေးအန္တရာယ်နှင့် စိန်ခေါ်မှုများ ခေါင်းစဉ်တို့ဖြင့် အထူးဆုရရှိသော ပြိုင်ပွဲဝင်အဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်တို့ဖြင့် တတိယဆုနှင့် ဒုတိယဆုရရှိသော ပြိုင်ပွဲဝင်အဖွဲ့အား မော်လမြိုင်မြို့နယ် စာရေးဆရာမနှင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့ကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး လူသားနှင့်ကျန်းမာရေးပထမဆုရရှိသော ပြိုင်ပွဲဝင်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က ဂုဏ်ပြုဆုနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း၍ တက်ရောက်လာသော ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)