လင်းခေး ဧပြီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ၊၂၀၂၅ ပညာသင်နှစ် ရှင်သာမဏေများအတွက် ပရိယတ္တိနွေရာသီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီက လင်းခေးမြို့၊ မဟာဝိဟာရပရိယတ္တိစာသင်တိုက်ကျောင်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတက်ရောက်လာသူအားလုံးက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ပရိတ်သတ်အပေါင်းက မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ အောင်မင်္ဂလာတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဘိပါလထံမှ သြဝါဒခံယူခဲ့ကြသည်။
ဆက်လက်ပြီး လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းက သာသနာရေးဆိုင်ရာများလျှောက်ထားခြင်း၊ သင်ကြားရေးအဖွဲ့မှ ဆရာဦးပေါ်လာက နည်းပြဆရာဆရာမများကိုယ်စား အတွေ့အကြုံနှင့် ဝမ်းမြောက်ပီတိစကားပြောကြားခြင်းနှင့် နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် ဦးပြည့်ဖြိုးအောင်က ဓမ္မတေးဖြင့် သီဆိုဖျော်ဖြေပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
ယင်းနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သင်တန်းဆင်းရှင်သာမဏေများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအတွက် ကူညီပေးခဲ့ကြသည့် စေတနာအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ရှင်သာမဏေများ၏ကိုယ်စား ရှင်သြဇေယျ(လဲချားမြို့)၊ ရှင်ကောဝိတ(လဲချားမြို့)နှင့် ရှင်မုနိဝရ(တောင်ကြီးမြို့)တို့က (ရှမ်း/မြန်မာ/အင်္ဂလိပ်ဘာသာ)အားဖြင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြပြီးနောက် ဆရာတော်သံဃာတော်များနှင့် ပရိသတ်အပေါင်းက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ သင်တန်းကာလမှာ (၄၅) ရက်ကြာမြင့်ခဲ့ပြီး သင်တန်းသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၁၂) မြို့နယ်မှ ရှင်သာမဏေ (၅၃) ပါးတို့ တက်ရောက်ခဲ့ကြကြောင်း သင်တန်းတာဝန်ရှိသူတို့ထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)