တောင်ကြီး ဧပြီ ၃၀
လက်ရှိဖြစ်ပေါ်နေသည့် ရာသီဥတုဖော်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှု၊ လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများသုံးစွဲရေးသည် မရှိမဖြစ်လိုအပ်လာသောကြောင့် ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဘုရားငါးဆူကျေးရွာ၊ ကွင်းအမှတ် ၆၀ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း မျိုးကောင်းမျိုးသန့်များ စနစ်တကျအသုံးပြုနိုင်ခြင်း၊ သီးနှံအလိုက် အပင်ဦးရေပြည့်မီအောင် စနစ်တကျစိုက်ပျိုးနိုင်ခြင်း၊ သွင်းအားစုများ အချိန်ကိုက် အချိုးကျထည့်သွင်းနိုင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်လာနိုင်ခြင်း၊ ဆောင်းသီးနှံနှင့် နွေစပါးအကွက်ကျယ် စံပြကွက်များစိုက်ပျိုးပြသခြင်းဖြင့် သီးထပ်စွမ်းအား တိုးမြှင့်လာနိုင်ခြင်း စသည့်ရည်ရွယ်များဖြင့် တစ်ကွင်းတစ်စပ်တည်း အကွက်ကျယ် စံပြကွက်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာ၊ နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်သူများထံ အကူအညီရယူရန်၊ လက်တွေ့သရုပ်ပြစိုက်ပျိုးမှုကိုကြည့်ရှုပြီး တောင်သူအတွက် အကျိုးရှိပါက သရုပ်ပြဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တောင်သူများ သိလိုသည်များရှိပါက မေးမြန်းနိုင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဓာတ်မြေသြဇာကို ထိုက်သင့်သလောက် ဆောင်ရွက်ပေးနေပါကြောင်း၊ နိုင်ငံတော်ထုတ်စျေးဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ တောင်သူများကလည်း သီးထပ်သီးညပ်စိုက်ပျိုးပေးကြရန်၊ တောင်သူများဝင်ငွေတိုးမှသာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ စက်ဖြင့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ယူရီးယားဓာတ်မြေသြဇာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်သူများအား ပေးအပ်ကြပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးကြခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)