တာမွေမြို့နယ်၌ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

တာမွေ ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၏ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “တာမွေမြို့နယ်ရဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊  ၁၉ / ၂ဝ၂၅ဖြင့် ၂၀၂၅-ခုနှစ်၊ မတ်လ(၃၁)ရက်နေ့က အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်တဲ့အတွက် ခုလို လုပ်ငန်းစီမံကိန်းများနဲ့ ဒေသန္တရစီမံကိန်းများကို ဌာနအလိုက် တာဝန်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီး အမျိုးသားရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများနဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာမွေမြို့နယ်ရဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေပါ ရည်မှန်းချက်များနဲ့ လုပ်ငန်းစီမံကိန်းများကို နိုင်ငံတော်က ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တာမွေမြို့နယ်ရဲ့ ဒေသန္တရစီမံကိန်းကို ယခင်ရေးဆွဲခဲ့ပြီးဖြစ်တဲ့ (၅)နှစ်ဒေသန္တရစီမံကိန်း မူဘောင်အတွင်း ရေးဆွဲခဲ့တာဖြစ်ပြီး တာမွေမြို့နယ်ရဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်မှာ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်ဈေးနှုန်းများအရ ကျပ် (၅၃၄.၈၉၄) ဘီလီယံနဲ့ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် (နှစ်ကုန်ခန့်မှန်းခြေ) အပေါ် တိုးတက်မှုနှုန်း (၉.၉) ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားပြီး လူတစ်ဦးကျထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို ကျပ် ၃၉၉၁၇၄၇ (၃၉ သိန်းကျော်) ရရှိရန် ရည်မှန်းထားပါကြောင်း၊ တာမွေမြို့နယ်ရဲ့ GDP မှာ ကဏ္ဍကြီးအလိုက် ပါဝင်မှုရာခိုင်နှုန်း ရည်မှန်းချက်များအနေနဲ့ စက်မှုကဏ္ဍကြီးမှာ (၄၁.၁) ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးမှာ (၅၈.၉) ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်မယ်လို့ မျှော်မှန်းထားပါကြောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးဟာ တာမွေမြို့နယ်ရဲ့ အားအသာဆုံးဖြစ်တာတွေ့ရမှာဖြစ်ပြီး ဝန်ဆောင်မှုကဏ္ဍကြီးမှာပါဝင်တဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုကဏ္ဍများဟာ တာမွေမြို့နယ်ရဲ့ GDP အတွက် အားအထားရဆုံး ကဏ္ဍများဖြစ်ပါကြောင်း၊ စက်မှုကဏ္ဍကြီးကတော့ တာမွေမြို့နယ်ရဲ့ ဒုတိယပါဝင်မှုအများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု (ငွေလုံးငွေရင်းအသုံးစရိတ်)မှာ ပါဝင်တဲ့ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာမှာ သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်ဝစွာဖြင့် ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးမှာ အလွန်အရေးကြီးပြီး အကောင်အထည်ဖော်မှု နှောင့်နှေးကြန့်ကြာပါက အဆိုပါစီမံကိန်းမှ ရရှိလာမည့် အကျိုးခံစားရမှုမှာလည်း နှောင့်နှေးကြန့်ကြာမှာဖြစ်ပါကြောင်း၊ ယခင်နှစ်များက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များအပေါ်မူတည်ပြီး ကဏ္ဍအလိုက် စနစ်တကျကွပ်ကဲကြပ်မတ်၍ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မယ့် လုပ်ငန်းစီမံကိန်းများကို နိုင်ငံတော်ရဲ့ ခွင့်ပြုငွေပမာဏအတွင်း အထိရောက်ဆုံးနဲ့ အကျိုးရှိဆုံး သုံးစွဲကြရမှာဖြစ်ပါကြောင်း၊ လျာထားလုပ်ငန်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်သွားကြရန်နဲ့ လုပ်ဆောင်မှုအားလုံးကို လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများနှင့်အညီ စံချိန်စံညွှန်းပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ ထပ်မံမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်က မျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်များ၊ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒ၊ ရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်အဖြစ် အလေးအနက်ခံယူပြီး ဌာနအဖွဲ့အစည်းအသီးသီးက ဟန်ချက်ညီညီ အချိတ်အဆက်မိမိပူးပေါင်းပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းပြောကြားလိုပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ၊ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းစီမံကိန်းများကို အသီးသီး တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)