အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်တွင် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန် ဧပြီ ၂၉

လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်နှင့် စာအုပ်စာပေချစ်မြတ်နိုးပြီး စာဖတ်ရှိန်မြင့်မားလာကာ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အင်းစိန်မြို့နယ် အောင်ဆန်းမြို့ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ်(၇၇)တောရတပ်ဦးကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာကမ္မဌာန စရိယပြည်တွင်း/ပြည်ပ သာသနပြု ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အရှင်သူမြတ်က သြဝါဒမြွတ်ကြားခဲ့ပြီး အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က တက်ရောက်လာကြသည့် လူငယ်များအား အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို ဟောပြောခဲ့ပြီး စာရေးဆရာဒေါက်တာဗိုလ်သံမဏိ(တောင်တွင်းကြီး)က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စာရေးဆရာဝင်းနွယ် (ပုသိမ်)က ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ဟော​ပြောခဲ့ကြသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် လူငယ်လူရွယ်များကလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသ၊ စာအုပ်စာစောင်များ၊ လှပသာယာပြည်မြန်မာ မှတ်တမ်းဓာတ်ပုံများ၊
  ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)