သင်္ဃန်းကျွန်းခရိုင်၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာအခြေခံသင်တန်းဖွင့်လှစ်

သင်္ဃန်းကျွန်း ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံယဉ်ကျေးလိမ္မာ အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က သင်တန်းဖွင့်ပွဲတွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗုဒ္ဓစာပေသင်ကြားမှုများကို ဆက်လက်ထိန်းသိမ်းကာ မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်များဖြစ်လာစေရန်အတွက် သင်ကြားစေလိုကြောင်း၊ ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို သင်တန်းသားများအနေဖြင့် စနစ်တကျလေ့လာသင်ယူပြီး အမျိုးဘာသာ၊ သာသနာကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသော လူ့ဘောင်အဖွဲ့ အစည်းကို တည်ဆောက်နိုင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးနိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက်ရည်မှန်းပြီး ကြိုးစားသင်ယူလေ့လာဆည်းပူးကြစေလိုကြောင်း မှာကြားခဲ့ပြီးနောက် ခရိုင်ရုံးရှိ ၀န်ထမ်းများက သင်တန်းသို့တက်ရောက်လာသော သင်တန်းသား/သင်တန်းသူလေးများအား အာဟာရမုန့်များ‌နှင့် ရေသန့်များပေးဝေခဲ့သည်။

အဆိုပါ နွေရာသီ အခြေခံယဉ်ကျေးလိမ္မာသင်တန်း(၆/၂၀၂၅)ကို သင်တန်းသား(၃၀)ဦး ဖြင့် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ သင်တန်းနည်းပြဆရာဦး‌အေးမြင့်၊ ဆရာမ ဒေါ်‌အေးအေးမြင့်၊ ဒေါ်သိင်္ဂီဝင်းတို့မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းအောင်(ပြန်/ဆက်)