ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်းများနှင့် သင်ခန်းစာပို့ချနေမှုအား ကွင်းဆင်းကြည့်ရှု

ပုဗ္ဗသီရိ ဧပြီ ၂၉

၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်းများနှင့် သင်ခန်းစာပို့ချနေမှုအား ယနေ့နံနက်ပိုင်းမှစတင်၍ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်လှနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်တွေ့ဆုံကာ ရာနှုန်းပြည့် စခန်းသွင်းလေ့ကျင့်သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ သင်ကြားမည့်စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် သင်ခန်းစာပို့ချနေမှုကို လှည်လည်ကြည့်ရှုခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်း(၁၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၅)ကျောင်းစုစုပေါင်း (၁၇)ကျောင်းရှိပြီး သင်ခန်းစာပို့ချမှုအနေဖြင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအပြင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှ ဆရာ၊ ဆရာမများကလည်း လာရောက်လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)