နေပြည်တော် ဧပြီ ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၂၈ ရက်နေ့မွန်းလွဲပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အ.ထ.က-၁ သို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းသင်ကြားနိုင်ရန် ပြင်ဆင်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် အ.ထ.က(ခွဲ)ရန်အောင်မြင်နှင့် ဇမ္ဗူသီရိမြို့နယ် အ.ထ.က-၁၄ ကျောင်းများသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းသင်ကြားနိုင်ရန် ပြင်ဆင်ထားမှုအခြေအနေများ၊ လေ့ကျင့်သင်ကြားပေးနေမှုများအား လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကာ ကျောင်းများတွင် လိုအပ်သည့် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျောင်းအိပ်၊ ကျောင်းစား နေထိုင်နိုင်ရေးအတွက် စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ နေထိုင်သင်ကြားနိုင်ရေး၊ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ စနစ်တကျ ကြီးကြပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)