ချမ်းအေးသာစံ ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ၂၈ ရက်နေ့က ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကိုသွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် အနီးကပ်ပြန်လည် သင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ တွေ့ဆုံအားပေးရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ အမရပူရမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ တံတားဦးမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာခန်းမများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြန်လည်ဖြေဆို ခွင့်ပြုထားသည့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အားလုံးကို အဆင်ပြေချောမွေ့စွာဖြင့် ပြီးဆုံးသည်အထိ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ Grade 12 သည် နိုင်ငံတကာပညာရေးအရ GCE – A Level နှင့်ညီသည့်အတွက် ယခုစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူအားလုံး ငလျင်ဒဏ်ကို ကြုံတွေ့ ခံစားခဲ့ရသော်လည်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်အားထက်သန်စွာတို့ဖြင့်ကြိုးစားကာ ဘာသာရပ်အားလုံးကို ပြီးဆုံးသည်အထိ ဖြေဆိုသွားကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်ကာ ဘာသာရပ်အလိုက်ပြန်လည်ပို့ချပေးသည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် ကြိုးစားသင်ယူသွားကြရမည်ဖြစ်ပါကြောင်းနှင့် စာမေးပွဲကို အခက်အခဲမရှိ စိတ်ချမ်းမြေ့စွာဖြင့် ဖြေဆိုနိုင်ရန် လိုအပ်သည့် ထောက်ပံ့မှုများကို ဖြည့်ဆည်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က နိုင်ငံတော်က ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ဖြည့်ဆည်းထောက်ပံ့ပေးနေမှု၊ Grade-12 ဖြေဆိုရမည့်ရက်၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခများက ဘာသာရပ်အလိုက် Short to the point သင်ကြားပို့ချပေးသွားမည့်အစီအစဉ်၊ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မသင်ကြားနိုင်သူ များအတွက် Online မှ လေ့လာသင်ယူနိုင်ရန်နှင့် Education Channel မှ ပြန် လည်လေ့လာနိုင်ရန် စီစဉ်ပေးထားမှု၊ ဧပြီ ၂၈ ရက်မှ စတင်ပြီး မေလ ၂ ရက်နေ့ အထိ လေ့ကျင့်သင်ကြားရေးစခန်းများတွင် ကျောင်းသား၊ ကျောင်းသူများကို လက်ခံသင်ကြားပေးနေမှု၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည့် အစီအစဉ်များစသည့် ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲများ၌ နိုင်ငံတော်က ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်