မန္တလေးငလျင်ကြီးကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

ချမ်းအေးသာစံ ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် သေဆုံးသွားသောသူများအတွက် ထပ်ဆင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဧပြီလ (၂၈) ရက် (၉) နာရီတွင် ၇၅လမ်း၊ ၂၇*၂၈လမ်းကြားရှိ ဆုတောင်းရစေတီတော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထပ်ဆင့်ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ ကြီးမှူးဆောင်ရွက်ခဲ့ရာ သေဆုံးသူတစ်ဉီးလျှင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ  (၁၀) သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုမှ  (၅) သိန်းကျပ်နှင့်  တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (၃) သိန်းကျပ်၊ စုစုပေါင်း တစ်ဦးလျှင် ငွေကျပ် (၁၈) သိန်း ပေးအပ်ခဲ့ရာ ပထမအ​ကြိမ်​အနေဖြင့် သေဆုံးသူ (၅၀) ဦးအတွက် ထောက်ပံ့ခဲ့သည်။

ထောက်ပံ့ငွေများနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ (၁) လစာကို သေဆုံးသူများ၏ မိသားစုဝင်များမှ လက်ခံရရှိခဲ့ကြပြီး အခမ်းအနားပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ ကျန်ရစ်သူမိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်