မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

မိုးနဲ ဧပြီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လမ်းသွားလမ်းလာမိဘပြည်သူများသိရှိစေရန် ရည်ရွယ်ပြီး ကလေးအလုပ်သမားဟု ခေါ်ရခြင်းအကြောင်းအရင်း၊ ကလေးအလုပ်သမားများ၏ ခေါင်းပုံဖြတ်ခံရမှုများ၊ ကလေးအလုပ်သမားများ မြို့နယ်တွင်းမရှိစေရေး၊ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများအား ဆက်သွယ်သတင်းပေးပို့နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးငယ်များ ညှင်းပန်းနှိပ်စက်မှုမခံရစေရေးအတွက် ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ်ရုံးအနေဖြင့် နိုင်ငံတော်၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ သိရှိလိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ဗဟုသုတရရှိမည့် အကြောင်းအရာများ၊ ဆောင်ရန်ရှောင်ရန်အချက်များပါရှိသော နံရံကပ်စာစောင်များအား လစဉ်အများပြည်သူများ သိရှိစေရန် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)