လမ်းမတော်မြို့နယ်တွင် နွေရာသီစာစီစာကုံးရေးသားနည်းသင်တန်း အခမဲ့ဖွင့်လှစ်

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန် ရည်ရွယ်၍ နွေရာသီစာစီစာကုံးရေးသားနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ဦးစွာ လမ်းမတော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာ အမိမြေသစ္စာသတင်းစုံဂျာနယ်မှ အယ်ဒီတာချုပ် ဦးသူရဇော်က သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ပါသည်။

နွေရာသီစာစီစာကုံးရေးသားနည်းသင်တန်းသို့ လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၃၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို ဧပြီလ (၂၈) ရက်နေ့မှ မေလ (၇) ရက်နေ့အထိ နံနက် (၁၀) နာရီမှ (၁၁း၃၀) နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်