တာမွေ ဧပြီ ၂၆
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၅ - ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ လေးလတာကာလအတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ တစ်ရာကျော်အထိရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်းသင်တန်းသားများ၏ မိဘအုပ်ထိန်းသူများအား အသိညာပေးဆွေးနွေးပွဲအခမ်းအနားမှ သိရ သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက မူးယစ်ဆေးဖြတ်သင်တန်းသားများအနေဖြင့် ပြန်လည်ထူထောင်မှုခံယူပြီးပါက ဆေးပြန်လည်မသုံးစွဲရန်နှင့် ဆေးပြန်လည်သုံးစွဲပါကဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့နေအိမ်အသီးသီးသို့ ပြန်ရောက်သောအခါ မိမိဘဝတိုးတက်ရေးအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရန်များစွာလိုအပ်သည့်အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဖြတ်သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများကိုယ်စား သင်တန်းသားမိဘတစ်ဦးကလည်းကောင်း၊ မူးယစ်ဆေးဖြတ် သင်တန်းဆင်းသင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကလည်းကောင်း ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ်သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံကာ သင်တန်းဆင်းသင်တန်းသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းဆင်းသင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ်သင်တန်းသားများနှင့်၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄)နာရီ ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၂၅-ခုနှစ် လေးလတာကာလအတွင်း စုစုပေါင်း မူးယစ်ဆေးဖြတ်သင်တန်းသား(၁၀၆)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)