မိတ္ထီလာ ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ညောင်မြင့်အုပ်စု ပျော်ကုန်းကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းဖြင့် ဒေသဆိတ်နှင့် အသားတိုးနွားမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်အဖွဲ့သည် ပျော်ကုန်းကျေးရွာ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ဒေသဆိတ်မွေးမြူရေးအဖွဲ့(၂)ဖွဲ့နှင့် အသားတိုးနွားမွေးမြူရေး အဖွဲ့(၂)ဖွဲ့တို့မှ မွေးမြူထားရှိသည့်ကောင်ရေများ၊ တိုးပွါးလာသည့်ကောင်ရေများအားကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်အစာ၊ ရေနှင့်ဆေးဝါးများအား ကြိုတင်စီမံထားကြရန် လမ်းညွှန်မှာကြားသည်။
ညောင်မြင့်အုပ်စု ပျော်ကုန်းကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း(RBF) စီမံကိန်းဖြင့်အောင်မြင်သူအဖွဲ့မှ ဒေသဆိတ် အမ(၇၅)ကောင် အထီး(၄)ကောင် စုစုပေါင်း(၇၉)ကောင်အား စက်တင်ဘာလ စတုတ္ထပတ်မှစတင်မွေးမြူပြီး ယခုလကုန်အထိ တိုးပွါးကောင်ရေ အထီး(၁၅)ကောင် အမ(၁၂)ကောင် စုစုပေါင်း (၂၇)ကောင်တိုးပွါးလာပြီး၊ ကြီးပွါးအောင်အဖွဲ့မှ ဒေသဆိတ် အမ(၇၅)ကောင် အထီး(၄)ကောင် စုစုပေါင်း(၇၉)ကောင်အား စက်တင်ဘာလ စတုတ္ထပတ်မှစတင်မွေးမြူပြီး ယခုလကုန်အထိ တိုးပွါးကောင်ရေ အထီး(၁၀)ကောင် အမ(၁၆)ကောင် စုစုပေါင်း (၂၆)ကောင်တိုးပွါး လာပြီဖြစ်ပါသည်။
တိုးတက်အသားတိုးနွားနွေးမြူရေးအဖွဲ့မှ နွားမ(၅)ကောင် မွေးမြူထားသည့်အနက် (၁)ကောင်မှာ နွားမလေး(၁)ကောင်တိုးပွါးလာပြီဖြစ်ပြီး၊ ခရေအသားတိုးနွားနွေးမြူရေးအဖွဲ့မှ နွားမ(၅)ကောင် မွေးမြူထားသည့်အနက် (၁)ကောင်မှာ နွားမလေး(၁)ကောင်တိုးပွါးလာပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)