မြင်းခြံ ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
“အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းစွာရှိရေး၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မျုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအသောက်များလတ်ဆတ်သန့်ရှင်းရေး၊ ပေးအပ်သည့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြပေးနိုင်ရေး၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစားအရွယ်အစားများအလိုက် ဈေးနှုန်းများပွင့်လင်းမြင်သာစွာ ရောင်းချပေးနိုင်ရေးစသည့်အချက်များကို ကွင်းဆင်းစစ်ဆေး ခဲ့ပါတယ်” ဟု ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)