ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ တက်ရောက်၊ စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာတိုက်ပွဲရှောင်စခန်းများအား သွားရောက်ကြည့်ရှု့စစ်ဆေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

စစ်တွေ ဧပြီ ၂၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် သာသနာ့ဗိမာန်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်သည်။

ထို့နောက် အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်းတော့၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက်ပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ရွှေစေတီကျောင်းတိုက် ပဓာနနာယကဆရာတော်က ဩဝါဒကထာ ချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်က သံဃာတော် အရှင်သူမြတ်တို့အား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါခန်းမ၌ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့အစိုးရ အဖွဲ့အနေဖြင့်  ရခိုင် ပြည်နယ်၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု၊ ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက် ဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးပြောကြားပြီး ဆရာ၊ဆရာမများအနေဖြင့် လိုအပ်ချက်များရှိပါက တင်ပြပေးကြစေလိုကြောင်းပြောကြားသည်။ ယင်းနောက် ဆရာမတစ်ဦးက လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ ဓမ္မာရာမပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြကာ နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်ဒေသကို စွန့်ခွာပြီး ယာယီနေထိုင်နေကြသော ပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးလျက်နေမှု၊ နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာတိုက်ပွဲရှောင်ပြည်သူ တစ်ဦးလျှင်(၁)လ ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးလျက်နေမှု၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆန်ရိက္ခာနှင့် စားသုံးဆီများ ထောက်ပံ့ပေးလျက်ရှိမှုနှင့် ပြည်သူများအနေဖြင့် ဆရာတော်ကြီး၏ အရိပ်အာဝါသ အောက်တွင် နေထိုင်စဉ်ကာလအတွင်း ကျောင်းတိုက်သန့်ရှင်းသာယာရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ စနစ်တကျ ချက်ပြုတ်စားသောက်နေထိုင်ကြရန်၊ ကျန်းမာရေးကိုအထူးဂရုပြုနေထိုင်ကြရန်တို့ကို မှာကြားပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းတိုက်အတွင်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သောအဆောင်များ ဆောက်လုပ်ပေးနိုင်ရေးနှင့် ပြုပြင်ရန် လိုအပ်သည်များအား အချိန်မီပြုလုပ်နိုင်ရေး တာဝန်ရှိသူများကို မှာကြားပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနရုံးသို့ သွားရောက်ပြီး ရုံးအတွင်း၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိကာ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသော ရခိုင်ပြည်နယ် တရားလွှတ်တော် အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုညှိနှိုင်းအစည်းအဝေးသည် ရခိုင်ပြည်နယ် တရားလွှတ်တော် အဆောက်အဦ ဆောက် လုပ်ရန် မြေနေရာကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တရားလွှတ်တော်အဆောက်အဦ ပေါ်ထွန်းလာရန် အဓိကရည်ရွယ်ပြီး ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း တရားလွှတ်တော်ရုံးများ ဆောက်လုပ်ကာဖွင့်လှစ်၍ တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ တရားစီရင်ရေးမဏ္ဍိုင်သည်လည်း အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့ရခိုင်ပြည်နယ်တွင်လည်း တရားလွှတ်တော် အဆောက်အဦ ပေါ်ထွန်းလာရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် လက်ရှိအခြေအနေများကိုလည်း ဌာနအလိုက်ဆွေးနွေး တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စစ်တွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရခိုင်ပြည်နယ်တရားလွှတ်တော် အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရခိုင်ပြည်နယ်တရား လွှတ်တော်အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)