ပူတာအိုမြို့၌ ၂၀၂၅-ခုနှစ် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဖလား လူငယ်အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကွင်းဖွင့်လှစ်

ပူတာအို ဧပြီ ၂၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီးမှူး၍ လူငယ်ထုအတွင်း အားကစားစိတ်ဓာတ်ရှင်သန်ပြီး မိမိဒေသတွင်း ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်သာမက နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်အား ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသော ၂၀၂၅-ခုနှစ်မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို ဧပြီ(၂၃)ရက် မွန်းလွှဲ(၂)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများနှင့် ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် အားကစားဝါသနာရှင်များက နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြကာ မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။ ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနက ပြိုင်ပွဲအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရာ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် ရဝမ်လူငယ်အဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြပြီး ကွင်းဖွင့်ပွဲအနေဖြင့် ကောင်ကထောင်ရပ်ကွက် ဘောလုံးအသင်းနှင့် ဂါးထုဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကောင်ကထောင်ရပ်ကွက်ဘောလုံးအသင်းက ခြောက်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

အဆိုပါဘောလုံးပြိုင်ပွဲသို့ ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၁၄)သင်း၊ အားကစားသမားပေါင်း(၃၀၀)ကျော်တို့က ဧပြီ(၂၃)ရက်မှ မေလ(၈)ရက်နေ့အထိ မနက်ပွဲစဉ်တစ်ပွဲ၊ ညနေပိုင်းပွဲစဉ်နှစ်ပွဲ တစ်ရက်လျှင်သုံးပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ သိရသည်။

 ဖုန်ကန်(ပြန်/ဆက်)