မက်မန်းမြို့၌ ရုံးစာရေးသားနည်း (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

မက်မန်း ဧပြီ ၂၅

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို သိရှိနားလည်၍ ထိရောက်မြန်ဆန် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ဧပြီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံးခန်းတွင် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက သင်တန်းတွင်ပို့ချပြသခဲ့သည့် သင်ခန်းစာများကို ဆန်းစစ်ချက်ဖြေဆိုခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ရုံးလုပ်ငန်း၏အဓိပ္ပာယ်၊ ပြီးပြည့်စုံသောရုံးလုပ်ငန်းတွင်ပါရှိရမည့် အချက်များ၊ ဝင်စာများကို အရေးယူဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဝင်စာများကိုလက်ခံရာတွင် ဂရုပြုရမည့်အချက်များ၊ ထွက်စာများကို အရေးယူဆောင်ရွက်ရခြင်းရည်ရွယ်များ၊ ထွက်စာများပေးပို့ရာတွင် ပါရှိရမည့်အချက်များ၊ လုံခြုံအဆင့်အတန်း (၅)မျိုးအကြောင်း၊ ဦးစားပေးအဆင့်အတန်း (၄)မျိုးအကြောင်း၊ ပစ္စည်းမှာယူထိန်းသိမ်းခြင့်နှင့် သုံးစွဲခြင်း၏ရည်ရွယ်ချက်များအကြောင်း၊ ရုံးစာရေးသားနည်း(၉) မျိုးနှင့် ရုံးစာရေးသားနည်းခေါင်းစဉ်များ စသည့်အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားတစ်ဦးကို ခရိုင်ဦးစီးမှူးမှ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကို ဧပြီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပြသပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)