ကျောက်ဆည် ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၉)နာရီက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် အသက်မွေးဝမ်းကျောင်းပညာများ၊ လေ့ကျင့်သင်ကြားပေးခြင်း၊ အားပေးကူညီခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျေးလက်ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် မြန်မာ့ရိုးရာယွန်း၊ ရက်ကန်း၊ ပန်း(၁၀)မျိုး အပါ အဝင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တီထွင်ဆန်းသစ် နိုင်ရေးအားပေးကူညီရန်၊ မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)