မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာဧည့်သည်ခေါ် ဘုရားပွဲ နှင့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကြည့်ရှုအားပေး

ချောင်းဆုံ ဧပြီ ၂၅

မွန်ပြည်နယ်၊ (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာများအတိုင်းကျင်းပခဲ့ပြီး ယမန်နေ့က ကညှော်ကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကိုကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကညှော်ကျေးရွာအတွင်း ဧည့်သည်ခေါ်ဘုရားပွဲတော်သို့ အများပြည်သူများ အေးချမ်းစွာ လာရောက်လည်ပတ်နေမှုများကို ကြည့်ရှုခဲ့ပြီး ကညှော်ကျေးရွာ တိုက်ကျောင်းဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြှော်ခဲ့ပြီးနောက် ဘုန်းတော်ကြီးကျောင်းအတွင်းပြုလုပ်သည့် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းခြင်းအလှခတ် ကစားပြခြင်း၊ ရွဲအလှပြကစားခြင်းနှင့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတို့ကို ကြည့်ရှုအားပေးကာ ဆုတော်ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ ကညှော်ကျေးရွာ ရိုးရာလက်တွေ့စိန်ခေါ်ပွဲကြီးကို ရပ်နီးရပ်ဝေးမှ လက်ဝှေ့ ဝါသနာရှင်များစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း လက်ဝှေ့တွဲဆိုင်း (၆) ဆိုင်းနှင့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများအနေဖြင့် ခရုဝါးကလပ်နှင့် ဘိလပ်မြေစက်ရုံကလပ် ရိုးရာလက်ဝှေ့ကစားသမား တွဲဆိုင်း (၃) ဆိုင်း စုစုပေါင်း လက်ဝှေ့ တွဲဆိုင်း (၉) ဆိုင်းတို့မှ ရိုးရာယဉ်ကျေးမှုနှင့်အညီ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)