ပင်းတယ ဧပြီ ၂၅
စိုက်ပျိုးရေးကို အဓိကအခြေခံကာ စီးပွားဖြစ် လုပ်ကိုင်စားသောက်ကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများရှိ ရေခြံစိုက်ပျိုးရေးလုပ်ငန်းများတွင် သခွားစိုက်တောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ရေရှားပါးသည့် နွေရာသီတွင် ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာအုပ်စု၊ကိုးလုံးကျေးရွာရှိ ပဲနောက်အင်းရေခြံမှ ရေသွင်းစိုက်ပျိုးသည့် သခွားသီးများ ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးတောင်သူများ လူမှုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ရေခြံလုပ်ငန်းဖြင့် သခွားစိုက်ပျိုးရောင်းချခြင်းနှင့်ပတ်သက်၍ "ကျွန်တော်တို့ မိသားစုက သခွားသီးကို ကိုယ်ပိုင်လယ်မြေပေါ်မှာ အခုလို နွေရာသီ မိုးရေမရရှိတဲ့အချိန်မှာ ပဲနောက်အင်းက ရေကိုတင်ပြီး စိုက်ခင်းထဲကို ရေသွင်းစိုက်ပျိုးပါတယ်။ အခုလက်ရှိ သခွားသီးဈေးနှုန်းကတော့ အရွယ်အစားအလိုက် တစ်လုံးကို အနည်းဆုံး ကျပ်ငွေ ၅၀၀ ကနေ ၁၀၀၀ ကျပ်အထိ ရောင်းချရပြီး မိုးရာသီမိုးရေရတဲ့အချိန်ကျတော့ ရေသွင်းစရာမလိုဘဲ စိုက်ပျိုးရောင်းချခြင်းဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေရတဲ့အတွက် ကလေးတွေ ကျောင်းစရိတ်အပြင် မိသားစုစားဝတ်နေရေးအဆင်ပြေတာပေါ့”ဟု ကိုးလုံးကျေးရွာမှ သခွားစိုက်တောင်သူတစ်ဦးက ပြောကြားခဲ့သည်။
ပင်းတယမြို့နယ်ရှိ ရေခြံစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် သခွားစိုက်ပျိုးသူများအနေဖြင့် သခွားပင် ပျိုးပင်မျိုးအား ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်စိုက်ပျိုးထားပြီး ယခု ဧပြီလဆန်းပိုင်းတွင် ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ယခုလိုအချိန်မှာ သခွားသီးဈေးကောင်းရရှိသည့်အတွက် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်းနှင့် တစ်နှစ်ပတ်လုံး ရေခြံလုပ်ငန်းများဖြင့် သခွားပင်များအပြင် အခြားသီးနှံများကိုလည်း အလှည့်ကျစိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ရဲထက်ဦး(ပြန်/ဆက်)