ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေနှင့် အဖွဲ့ဝင်များသည် မြစ်သားမြို့နယ်အတွင်းရှိ မန္တ‌လေးငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စာသင်ကျောင်းများအား လာရောက်ကြည့်ရှုစစ်ဆေး

မြစ်သား ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မန္တလေးငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ပညာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် အဖွဲ့ဝင်များသည် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီး‌ခဲ့သော ကျောင်းအဆောက်အဦများ ကြည့်ရှုစစ်ဆေးရာသို့ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်နှင့် ပညာရေးဝန်ထမ်းများမှ ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်သားမြို့နယ် လမ်းခွကျေးရွာရှိ၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်နှင့် ပညာရေးဝန်ထမ်းများမှ ကြိုဆိုကြပြီး ကူမဲအခြေခံပညာအထက်တန်းကျောင်းအား မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် နေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)