ဒဂုံတောင် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဒဂုံမြို့သစ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုက ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့တွင်ပါဝင်သော ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်ဝစွာဖြင့် ပြီးမြောက်စေရန်၊ လုပ်ငန်းလျာထားချက်များအတိုင်း ဆောင်ရွက်ရန်၊ ယခင်နှစ် GDP ၏ အားနည်းချက်၊ အားသာချက်များကို နမူနာယူဆောင်ရွက်ရန်၊ နိုင်ငံတော်၏ရည်မှန်းချက်တာဝန်များကို အလေးအနက်ထားကာ ဟန်ချက်ညီညီ ဆောင်ရွက်ကြရန် စသဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကပေးအပ်ရာ ခရိုင်၏ ဒေသန္တရစီမံကိန်းတာဝန်များကို ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ခရိုင်လျှပ်စစ်ဌာနတို့မှ လက်ခံရယူပြီး မြို့နယ်များ၏ ဒေသန္တရစီမံကိန်းတာဝန်များကို သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အသီးသီးလက်ခံရယူကြသည်။
အဆိုပါအခမ်းအနားသို့ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်းသိရသည်။
နေမျိုးအောင်