ချမ်းအေးသာစံ ဧပြီ ၂၅
မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို စာစစ်လုပ်ငန်းများဆောင်ရွက်နေသည့် မန္တလေးတက္ကသိုလ်ပင်မအဆောက်အအုံမှာ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြသာစည် မြို့နယ်ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်းများ ကြိုတင်ပြင်ဆင်ထားမှု၊ တက္ကသိုလ်ဝင် စာမေးပွဲကို ပြန်လည်ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက်သင်ခန်းစာ များကို ပြန်လည်သင်ကြားပေးနေမှု၊ ငလျင်ဒဏ်ကြောင့် ကျောင်းရှိအဆောက်အအုံများထိခိုက်ပျက်စီးခဲ့မှု၊ အပျက်အစီးများအားရှင်းလင်းထားမှုများကိုလည်းကောင်း၊ ဆက်လက်၍ မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၈)အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး စာဖြေခန်းများကြိုတင်ပြင်ဆင်ထားမှု၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှု၊ အပျက်အစီးများအား ရှင်းလင်းထားမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ကျောင်းများသို့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ များနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်မတ်လအတွင်းက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆို ခွင့်ပြုထားပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြီးဆုံးသည်အထိချောမွေ့ စွာဖြေဆိုသွား နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသည့်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိခဲ့ရာ တတ်မြောက်ပြီးသင်ခန်းစာများကို အချိန်ကာလတစ်ခုအတွင်း ထိရောက်စွာပြန်လည်သင်ကြား ပေးရမည့်အပြင် စိတ်ဓာတ်ခွန်အားများကို နည်းလမ်းမှန်ကန်စွာဖြင့် မြှင့်တင်ပေးသွားရန် လိုအပ်ပါကြောင်း၊ စာဖြေခန်းများ သန့်ရှင်းသပ်ရပ်ရေးနှင့် အလင်းရောင်ကောင်းမွန်စွာရရှိရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့မှုများနှင့်ပတ်သက်၍ ချက်ချင်းဆောင်ရွက်ရ သည်များကို ကျောင်းဖွင့်အမီ ချက်ချင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များ ကိုအချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ ရွှေကျီးမြင်မြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မန္တလေးငလျင်ကြီးကြောင့် ရွှေကျီးမြင်စေတီတော်နှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေနှင့် အပျက်အစီးများအား ရှင်းလင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်