အင်းလေးဒေသအတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ညောင်ရွှေ ဧပြီ ၂၅

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းနှင့်လူနေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် ကျေးရွာများအတွင်းရှိ လူနေအိမ်များနှင့် အဆောက်အုံများကိုစနစ်တကျဖျက်သိမ်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ယိုင်လဲသွားသည့် နေအိမ်များတည့်မတ်ခြင်း၊ ယာယီမိုးကာတဲများဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ဝါးအိမ်ငယ်များ အသစ်ဆောက်လုပ်ပေးခြင်းတို့ကို ပတ်ဝန်းကျင်ကျေးရွာများမှ ကျွမ်းကျင်လက်သမားများနှင့် လုပ်အားဒါနရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတအဖွဲ့များပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကေလာကျေးရွာအုပ်စုအတွင်း ငလျင်ဒဏ်ကြောင့်ထိခိုက်ပြိုလဲခဲ့သည့် အိမ်ခြေပေါင်း(၈၇၇)အိမ်ရှိသည့်အနက် အပျက်အစီးများ ရှင်းလင်းဖယ်ရှားမှု(၁၄၈)အိမ်၊ ယိုင်နဲ့တိမ်းစောင်းခြင်းအား ပြန်လည်တည့်မတ်မှု (၄၂)အိမ်၊ အသစ်ပြန်လည်ဆောက်လုပ်ပြီးစီးမှု(၁)အိမ်ရှိကြောင်း ကျန်ရှိနေသေးသည့် (၆၄၄)အိမ်အားလည်း အမြန်ဆုံးပြန်လည်တည့်မတ်ပြုပြင် အသစ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

စိုင်းအယ်ဘဲ