ပင်းတယ ဧပြီ ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းတည့် (၁၂)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် နန်းကုန်းကျေးရွာအုပ်စု၊ မွေးမြူရေးဇုန်နှင့် ဆိုလာလျှပ်စစ်စီမံကိန်း ဆောင်ရွက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်မှ မွေးမြူရေးဇုန်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပင်းတယမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ဇုန်အတွင်း နွားများ မွေးမြူမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် မွေးမြူရေးဇုန်အတွင်း ရေရရှိရေးအတွက် ငဖိန်းအင်းကန် ပြုပြင်ဆောင်ရွက်ပြီးစီးမှုများကို ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်း၍လည်းကောင်း၊ ဇုန်အတွင်း နွားများအတွက် စက်ရေတွင်းမှ ဆိုလာစနစ်ဖြင့် ရေဖြန့်ဝေပေးမှု ပြီးစီးဆောင်ရွက်မှုများကို ပြည်နယ်ရေအရင်းအမြစ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်း၍လည်းကောင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ မွေးရေးဇုန်အတွင်း အဝင်လမ်းဆောင်ရွက်ရန်အခြေအနေများ ရှင်းလင်းပြီး ပင်းတယမြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနမှ လျှပ်စစ်ကဏ္ဍတွင် လျှပ်စစ်သွယ်တန်းပြီးစီးမှုနှင့် ထရန်စဖော်မာဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လုပ်ငန်းများဆောင်ရွက်မည်ဆိုပါက ၂၀၂၅ ခုနှစ်အတွင်း လအလိုက် စာရင်းဇယားများရှိရန် လိုအပ်ကြောင်း၊ ဆိုလာစနစ်များကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွေးမြူရေးဇုန်အတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနေပါကြောင်း၊ အခြေခံလိုအပ်ချက်ဖြစ်သည့် ရေ၊ လမ်း၊ လျှပ်စစ်မီးများကို ဆောင်ရွက်ပေးနေပါကြောင်း၊ ယခုရှမ်းပြည်နယ်အစိုးရအဖွဲ့များ ရောက်ရှိလာသည့်အတွက် လိုအပ်ချက်များရှိပါက လုပ်ငန်းရှင်များအနေဖြင့် တင်ပြပေးကြရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးဇုန်အတွင်း ရှင်းလင်းဆောင်ခန်းမ ဆောင်ရွက်မည့်နေရာနှင့် ငဖိန်းအင်းကန်ပြုပြင်ခြင်း လုပ်ငန်းပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိသည်။
မောင်မောင်သန်း(တောင်ကြီး)