ချမ်းအေးသာစံ ဧပြီ ၂၅
မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ထိခိုက်ပြိုကျပျက်စီးနေသည့် အဆောက်အအုံများ ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ တည်ဆောက်ခြင်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ(၂၃)ရက်နေ့နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင် ၁၁ ခုမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများမှ တိုင်းဦးစီးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ထိခိုက်ပြိုကျပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပိတ်မိသေဆုံးခဲ့သူများရှိခဲ့ပြီး ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အားလုံးကအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြိုကျအဆောက်အအုံများ ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများလည်ပတ်မှုအား ပုံမှန်အနေအထားသို့ အမြန်ရောက်ရှိအောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ပြိုကျပျက်စီးနေ သည့်အဆောက်အအုံများအား ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ပြုပြင်၍ရသည့် အဆောက်အအုံများ ကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ခြင်း၊ အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ငလျင်ဒဏ်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်မှ ဇွန် ၂၁ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်းမှ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော တက္ကသိုလ်ဝင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းနှင့် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ခရိုင် ၁၁ ခုမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ထိခိုက်ပြိုကျပျက်စီးနေသည့် အဆောက်အအုံများ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်ခြင်း၊ တည်ဆောက်ခြင်းများအတွက် စီမံချက်များချမှတ်၍ ဆောင်ရွက်နေမှု၊ တက္ကသိုလ်ဝင်စာမေးပွဲများအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားမှုတို့အား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်