ပင်းတယ ဧပြီ ၂၅
မန္တလေးငလျင်ဒဏ်ကြီးကြောင့် ငလျင်ဒဏ်သင့်ပျက်စီးဆုံးရှုံးခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဘုရားစေတီများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သောသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပင်းတယမြို့တွင် ငလျင်ဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးမှုရှိသည်ကိုသိရပါကြောင်း၊ မိုးရာသီကာလမရောက်မီ ပြည်သူများ အမိုး၊ အကာအောက်ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်မေလလဆန်းပိုင်းတွင် ကျောင်းများပြန်လည်လက်ခံဆောင်ရွက်တော့မည်ဖြစ်၍ စာသင်ကျောင်းများ အမြန်ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရမည်လိုအပ်ကြောင်း၊ ပြန်လည်ပြင်ဆင်မှုမပြီးသေးပါက ယာယီစာသင်ကျောင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တောင်သူများကလည်း မူလစိုက်ပျိုးရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အတိုင်း ဒေသအတွင်း သစ်ပင်များစိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း၊ ပင်းတယဒေသတွင် စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိုးရာသီကာလတွင် သစ်ပင်များစိုက်ပျိုးပေးကြရန်နှင့် စိုက်ပျိုးသည့်နေရာတွင် တစ်အုပ်တစ်မစိုက်ပျိုးရန်၊ လမ်းဘေးဝဲ၊ ယာများတွင်လည်း စိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင်လည်း တောင်သူများအနေဖြင့် အဓိကဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးရေရရှိရေးကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ တောင်သူများဝင်ငွေတိုးစေရန်အတွက် ဆောင်ရွက်ပေးနေသလို စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ အထွေထွေ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပင်းတယမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး၍လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လမ်းဘေးဝဲ၊ ယာတွင် သစ်ပင်များစိုက်ပျိုးပေးရန်နှင့် မြို့သာယာလှပရေးအတွက် ဆောင်ရွက်ပေးကြရန်၊ မိုးမကျမီရေကြီး၊ ရေလျှံမဖြစ်အောင် ဆောင်ရွက်ပေးရန် ဆွေးနွေး၍လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက စာသင်ကျောင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများနှင့် ယာယီစာသင်ကျောင်းဆောင်များ ဆောင်ရွက်မှုအခြေအနေများကို တင်ပြပေးရန် ဆွေးနွေးကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးရာ အဆောက်အဦများ ဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အင်ဂျင်နီယာပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ မြို့ပြစနစ်များတွင် အဆောက်အဦများ ကြပ်ညှပ်မှုများတွေ့ရှိရသည့်အတွက် သတ်မှတ်အကွာအဝေးဖြင့် ဆောင်ရွက်ပေးကြရန်နှင့် အထပ်မြင့်အဆောက်အဦ ဆောက်လုပ်မည်ဆိုပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့မှ ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြို့သာယာလှပရေးအတွက် သန့်ရှင်းသပ်ရပ်စွာရှိရန်နှင့် ပင်းတယမြို့သည် ခရီးသွားလုပ်ငန်းရှိသည့်အတွက် အားလုံးက ဝိုင်းဝန်း၍ သန့်ရှင်းအောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ မန္တလေးငလျင်ဒဏ်ကြီးကြောင့် ငလျင်သင့်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတည်ငွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငလျင်ဒဏ်သင့်ခဲ့သော ပင်းတယမြို့၊ သမိုင်းဝင် ဘုရားကြီးမြောက်ကျောင်းဝင်းရှိ စေတီတော်များ ပျက်စီးမှုကိုကြည့်ရှု၍ ကျောင်းထိုင်ဆရာတော် ဦးသြဘာသာအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ငလျင်ဒဏ်သင့်ခဲ့သည့် စေတီကြီးကျောင်းတော်ဝင်းရှိ စေတော်များအား သွားရောက်ကြည့်ရှုပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဦးပညာသရအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။
မန္တလေးငလျင်ဒဏ်ကြီးကြောင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် (၂၈.၃.၂၀၂၅) လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုမှာ နေအိမ်တစ်စိတ်တစ်ပိုင်း (၄၈၆)လုံး၊ ဘုန်းကြီးကျောင်းတစ်စိတ်တစ်ပိုင်းပျက်စီးမှု (၂၇)လုံး၊ စာသင်ကျောင်းပျက်စီးမှု (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးမှု (၃၉) လုံး၊ ဌာနဆိုင်ရာတစ်စိတ်တစ်ပိုင်းပျက်စီးမှု (၁၈) လုံး၊ ဘုရားစေတီပျက်စီးမှု (၂၇) ဆူ၊ တစ်စိတ်တစ်ပိုင်းပျက်စီးမှု (၉၃) ဆူ၊ အဆောက်ဦအခြားတစ်စိတ်တစ်ပိုင်းပျက်စီးမှု (၂၀) လုံးရှိကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များ တက်ရောက်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)