တောင်ကြီး ဧပြီ ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဧပြီ (၂၃) ရက်နေ့ ညနေ (၃)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဗိုလ်လုပွဲစဥ်အဖြစ် ပျူခမ်းပအိုဝ်း FC အသင်းနှင့် ထီးခမ်း FC အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ ပျူခမ်းပအိုဝ်းအသင်းမှ အနိုင်ရရှိသွားကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ဦးစွာ ငလျင်ဘေးအတွက် ရန်ပုံငွေများကို ရန်ကုန်အိုးစတားဘောလုံးအသင်းမှ ငွေကျပ် (၃)သိန်း၊ BBFC ညီအကိုမောင်နှမမိသားစုများ အပျော်တမ်းဘောလုံးအသင်းမှ ငွေကျပ် (၁၂)သိန်း ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က လက်ခံရယူကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်ဖူဆယ်ဆပ်ကော်မတီနှင့် ဖြူစိမ်း sport တို့မှ ကျင်းပသော အသက်(၆၀)နှစ်နှင့်အထက် ဖူဆယ်ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ဆုချီးမြှင့်ရာ ဒုတိယဆုရရှိသော emoble Yangon oldstar အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား (၃) သိန်းကို ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း၊ ပထမဆုရရှိသော Taunggyi oldstar(b) အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား(၅)သိန်းကို ပြည်နယ်လူမှုရေးဝန်ကြီးတို့မှလည်းကောင်း ချီးမြှင့်ပေးခဲ့ကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော အင်းလူငယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသော ထီးခမ်း FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကို ပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသူများနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုကို ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ကလည်းကောင်း၊ ပထမဆုရရှိသော ပျူခမ်းပအိုဝ်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု(၁၀)သိန်းနှင့် ပထမဆုဖလားကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အသီးသီး ဆုများ ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)