နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှု အခြေအနေများနှင့် ပြန်လည်ပြင်ဆင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဧပြီ ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်နှင့် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ အင်းအားပြင်းမြေငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှု အခြေအနေများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်းရှိ အင်းအားပြင်းမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် ဖောင်တော်ချက်မ စေတီတော်ကြီးသို့ ရောက်ရှိပြီး စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ထီးတော် ပြန်လည်ပြုပြင် မွမ်းမံနေမှု အခြေအနေများနှင့် ဖောင်တော်ချက်မစေတီတော်ကြီးရှိ ကျောက်စာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ပျက်စီးမှု မရှိစေရေး၊ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအား မိုးမကျမီ ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တန်းဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ် ဖြစ်သဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိသွားရန်လိုကြောင်းနှင့် အခြားလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အမှတ်-၃ ရပ်ကွက်ရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဖောင်တော်ချက်မစေတီတော်ကြီးသည် အေဒီ ၁၁၆၂ ခုနှစ်မှ တည်ဆောက်ခဲ့ပြီး ဉာဏ်တော်(အမြင့်) ၁၀၈ ပေ ရှိပြီး အုတ်၊ အင်္ဂတေများဖြင့် တည်ဆောက်ထားကြောင်း အေဒီ ၁၉၆၄ ခုနှစ် ထုတ်ဝေသည့် ဘုရားသမိုင်း စာအုပ်မှ သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) နန်းဦးရေပေးရေးရေစက်ရုံအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံအတွင်း ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ငလျင်ဒဏ်ကြောင့် ရေပေးဝေရေးပိုက်လိုင်းများ ပျက်စီးမှုနှင့် အကြီးစားပြင်ဆင်ရမည့် အခြေအနေများနှင့် ယာယီရေပေးဝေရေးစခန်းများ ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား မှာကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ယခုနွေရာသီကာလအတွင်း နွေစပါး၊ ပြောင်း၊ ပဲ၊ ဆီထွက်သီးနှံ အပါအဝင် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို ရေရရှိရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်၍ သီးထပ်စွမ်းအား မြှင့်တင်စိုက်ပျိုးရန်၊ အလားတူ မွေးမြူရေးလုပ်ငန်းများအဖြစ် ကြက်၊ ဝက်၊ ငါးများကိုလည်း တစ်နိုင်တစ်ပိုင်မှ တစ်အုပ်တစ်မ မွေးမြူရေးလုပ်ငန်းများအဖြစ် တိုးချဲ့မွေးမြူပြီး ဒေသတွင်းဖူလုံရေးအတွက် အောင်မြင်အောင် ဆောင်ရွက်သွားရန်၊ ဥစားကြက်မွေးမြူရေးကို မြို့များတွင်သာမက ကျေးလက်ဒေသများ အထိပါ မွေးမြူ၍ မိမိဒေသအလိုက် ဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ကိုခံနိုင်သည့် အဆောက်အအုံများဖြစ်စေရေး အင်ဂျင်နီယာပိုင်း ဆိုင်ရာများကို စနစ်တကျစိစစ်တည်ဆောက်ရန်လိုကြောင်း၊ စည်ပင်သာယာရေး အဖွဲ့အစည်းများ အနေဖြင့် မြိုနယ်နှင့်ခရိုင်များအလိုက် ဖွဲ့စည်းပေးထားသည့် ကော်မတီများနှင့် ပူးပေါင်း၍ အဆောက်အအုံ ဆောက်လုပ်မှုများကို စနစ်တကျ ကြပ်မတ်စိစစ်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ သန့်ရှင်းသည့် သောက်သုံးရေများရရှိစေရေးအတွက် ရေသန့်များဖြန့်ဝေပေးသကဲ့သို နိုင်ငံတကာမှရေသန့်စက်များ ရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရေသန့်များ လုံလောက်စွာမရရှိ နိုင်သေးသည့်အချိန်တွင် ရေကိုကျိုချက် သောက်သုံးနိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် မျှမျှတတ ရှိစေရေးအတွက် တာဝန်ရှိသူများက စနစ်တကျစီမံဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လမ်းတံတားလုပ်ငန်းများ၊ ရေ‌ပေးဝေရေးအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများ၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့မှုအခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း အခြေအနေများ၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ စာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)