နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် ဧပြီ ၂၅

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊  နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ကျင်းပပြုလုပ်သည့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ ယခုနွေရာသီကာလအတွင်း နွေစပါး၊ ပြောင်း၊ ပဲ၊ ဆီထွက်သီးနှံ အပါအဝင် ဒေသနှင့် ကိုက်ညီသည့်သီးနှံများကို ရေရရှိရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်၍ သီးထပ်စွမ်းအား မြှင့်တင်စိုက်ပျိုးရန်၊ အလားတူ မွေးမြူရေးလုပ်ငန်းများအဖြစ် ကြက်၊ ဝက်၊ ငါးများကိုလည်း တစ်နိုင်တစ်ပိုင်မှ တစ်အုပ်တစ်မ မွေးမြူရေးလုပ်ငန်းများအဖြစ် တိုးချဲ့မွေးမြူပြီး ဒေသတွင်း ဖူလုံရေးအတွက် အောင်မြင်အောင် ဆောင်ရွက်သွားရန်၊ ဥစားကြက်မွေးမြူရေးကို မြို့များတွင်သာမက ကျေးလက်ဒေသများအထိပါ မွေးမြူ၍ မိမိဒေသအလိုက် ဖူလုံမှုရှိစေရေး ကြိုးပမ်း ဆောင်ရွက်သွားရန်၊ ငလျင်နှင့်ပတ်သက်ပြီး အဆောက်အအုံများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ကိုခံနိုင်သည့် အဆောက်အအုံများဖြစ်စေရေး အင်ဂျင်နီယာပိုင်း ဆိုင်ရာများကို စနစ်တကျ စိစစ်တည်ဆောက်ရန်လိုကြောင်း၊ ငလျင်သက်ရောက်သည့် ဒေသတွင်ရှိသည့် ဒေသများ၌ အဆောက်အအုံများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဖြစ်ရန်လိုကြောင်း၊ မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အအုံများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများ မရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ စည်ပင်သာယာရေး အဖွဲ့အစည်းများအနေဖြင့် မြို့နယ်နှင့်ခရိုင်များအလိုက် ဖွဲ့စည်းပေးထားသည့် ကော်မတီများနှင့်ပူးပေါင်း၍ အဆောက်အအုံ ဆောက်လုပ်မှုများကို စနစ်တကျကြပ်မတ်စိစစ်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယာယီတည်းခို‌ရေးစခန်းများတွင် နေထိုင်သူများအနေဖြင့် ဝမ်းရောဂါများ မဖြစ်ပွားစေရေးအတွက် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် ယာယီယင်လုံအိမ်သာများ တည်ဆောက်ပေးသွားရန်လိုသကဲ့သို့ ဝမ်းရောဂါကာကွယ်ဆေးနှင့် ကုသဆေးများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားရန် လိုကြောင်း၊ သန့်ရှင်းသည့်သောက်သုံးရေများ ရရှိစေရေးအတွက် ရေသန့်များဖြန့်ဝေပေးသကဲ့သို့ နိုင်ငံတကာမှရေသန့်စက်များ ရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်း‌နောက် တက်ရောက်လာကြသည့် တိုင်းအဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှ်နှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုး(ဥတ္တရ)