မက်မန်း ဧပြီ ၂၅
ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့နယ် ဝိန်းနောင်အုပ်စု၊ ခါနန်ကျေးရွာတွင် သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မိမိဌာနတစ်ခုခြင်းစီမှ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ခါနန်ကျေးရွာ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ၊ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ကျန်းမာရေးနှင့်ပညာရေး အစရှိသော ကဏ္ဍများအလိုက် သက်ဆိုင်ရာဌာနအသီးသီးမှ ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ဝိန်းနောင်အုပ်စု၊ ခါနန်ကျေးရွာ ကျေးရွာသူ/သားများအား ပြည်သူ့စစ်မှုထမ်းဥပဒေကို အကျယ်တစ်ဝန်း သိရှိနိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)