မက်မန်း ဧပြီ ၂၄
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် (Women Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ဧပြီလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက သင်တန်းဖွင်းလှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် အခမ်းအနားတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားမှူး၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားမှူးတစ်ဦး၏ ဆောင်ရန်/ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာများ၊ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ ညီလာခံ၊ တွေ့ဆုံပွဲ၊ သင်တန်းဖွင့်ပွဲ၊ သင်တန်းဆင်းပွဲ၊ အလှူပွဲနှင့် မင်္ဂလာပွဲများတွင် အခမ်းအနားမှူးတစ်ဦး၌ သိရှိရမည့် အဓိကအချက်အလက်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးနှင့် ဒေါ်ဇင်မေတို့က ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ (၂၂) ရက်နေ့မှ ဧပြီလ (၂၉) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)