ချောင်းဆုံ ဧပြီ ၂၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ယဉ်ကျေးမှုဓလေ့နှင့်အညီ ရှေးအစဉ်အလာမပျက် ဧည့်သည်ခေါ် ဘုရားပွဲတော်များကို ဧပြီလ လဆန်းပိုင်းမှစတင်၍ တစ်ရွာတစ်ရက် အေးချမ်းစွာကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဘုရားဖူး နွားလှည်းယဉ်ကျေးမှုကို ထည့်သွင်းကျင်းပလျက်ရှိသည့် ကမာမိုကျေးရွာဘုရားပွဲ၌ ဧပြီ(၂၂)ရက် ညနေပိုင်းက နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို အေးချမ်းစွာကျင်းပရာ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို (၁၉၇၅)ခုနှစ်ကတည်းက ကျင်းပခဲ့ပြီး ယခုဆိုလျှင် နှစ်(၅၀)ပြည် ရွှေရတုအထိမ်းအမှတ် ရောက်ရှိပြီးဖြစ်ကြောင်း လူငယ်မျိုးဆက်သစ်များ မိမိယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းကြရန် ရည်ရွယ်၍ ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်အတွင်း ယခင်က မွန်တိုင်းရင်းသားများနေထိုင်သည့် ရွာတိုင်းနီးပါး ယခုလိုပြိုင်ပွဲကို ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ကမာမိုတစ်ရွာတည်းသာ ယနေ့အထိဆက်လက်ကျင်းပနေခြင်းဖြစ်ကြောင်း ကမာမိုကျေးရွာ ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ ကျင်းပရေးကော်မတီ(ဥက္ကဋ္ဌ) ဦးမင်းမြင့်မောင်လေး ကပြောသည်။
စက်မှုလယ်ယာစနစ်ပြောင်းလဲမှုလာနှင့်အတူ နွားလှည်းအသုံးပြုမှု တိမ်ကောလာပြီး မိမိတို့ယဉ်ကျေးမှုဓလေ့များကို လူငယ်များသိရှိစေရန် ကျင်းပသည့် ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို ပြည်တွင်းပြည်ပရှိ လူငယ်များ စိတ်ဝင်စားကြကြောင်း လက်ရှိပြိုင်ပွဲကျင်းပနေသည့် လူကြီးများကလည်း လူငယ်များကို လက်ဆင့်ကမ်း အမွေပေးခဲ့ကြသည့်အတွက် နောက်နှစ်များတွင်လည်း ဘုရားဖူးနွားလှည်းယဉ်ကျေးမှုကို မပျောက်ပျက်အောင် ယဉ်ကျေးမှုကိုထိန်းသိမ်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမာမိုကျေးရွာလူငယ် မင်းတလနွန် ကပြောသည်။
အဆိုပါဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ယခင်နှစ်က ပြိုင်ပွဲဝင်နွားလှည်း (၄)စီးသာ လာရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် ပြိုင်ပွဲဝင် ဘုရားဖူးနွားလှည်းယာဉ် (၇)စီး ဝင်ရောက်ယဉ်ပြိုင်ကာ အမှတ်ပေးအဖွဲ့ (၅)ဖွဲ့မှ နွား၊ လှည်း၊ အိန္ဒြေရှိမှု၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုအချိုးအစား စသည့်ဖြင့်အမှတ်ပေး၍ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်သွားမှာဖြစ်ပြီး၊ အဆိုပါ ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ရပ်ဝေးရပ်နီးမှ အေးချမ်းစွာလာရောက် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
ကိုကျော်(ချောင်းဆုံ)