မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ နှစ်ပတ်လည် အစည်းအဝေးကျင်းပ

ရန်ကုန်၊ ဧပြီ၊ ၂၄

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယကတိုင်းမှူးက ဩဝါဒမိန့်ခွန်းပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့သို့ ချီးမြှင့်ငွေများနှင့် ဆန်အိတ်များပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး (စည်ပင်အတွင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်ကို(ငြိမ်း)က လက်ခံရယူသည်။

ဆက်လက်၍ တိုင်းမှူးက စားသောက်ကုန်များကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး(စည်ပင်ပြင်ပ)  စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဗိုလ်မှူးကြီး ရန်နိုင်ဦး(ငြိမ်း)က လက်ခံရယူသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး (စည်ပင်အတွင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်ကို(ငြိမ်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

ထိုသို့ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ငွေသားကျပ်(၃၀၀)သိန်း၊ ဆန်ငါးပြည်အိတ်(၂၀၀၀)အိတ်၊ ကြက်ဥ (၃၀၀၀)လုံး၊ ကြက်သွန်နီ(၂၅၀)ပိဿာ၊ အာလူး(၃၀၀)ပိဿာ၊ စားသုံးဆီ(၃၃၀)ပိဿာနှင့် ခေါက်ဆွဲ ခြောက်(၂၀)ဖာတို့ကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့သို့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)