တပ်ကုန်းမြို့နယ်၌ နွေစပါးနှင့် နွေသီးနှံအောင်ချက်ပြည့်မီရေးနှင့် ရေရရှိရေး မြို့နယ်၊ ကျေးရွာအုပ်စု စိုက်/ကြပ်အဖွဲ့များနှင့် တွေ့ဆုံ

တပ်ကုန်း ဧပြီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံအောင်ချက်ပြည့်မီရေးနှင့် စိုက်ပျိုးရေမျှတစွာရရှိရေး မြို့နယ်၊ ကျေးရွာအုပ်စု စိုက်/ကြပ်အဖွဲ့များနှင့်တွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ တပ်ကုန်းမြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်သူက မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေး‌မြေငလျင်ကြီးကြောင့် နွေစပါးနှင့် နွေသီးနှံစိုက်ခင်းများ ဆင်သေရေလွှဲဆည်မှ လက်ဝဲမြောင်းထွက်ရေများ အခက်အခဲဖြစ်ခဲ့ကြောင်း၊ ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေးနှင့် မြောင်းရင်း၊ မြောင်းဖျားတောင်သူများ ဆည်ရေကို အကျိုးရှိရှိ မျှတစွာအသုံးချရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းက နွေစပါးစိုက်တောင်သူများ ရေအခက်အခဲကြောင့် စိုက်ခင်းများ အောင်မြင်မှုနှင့် အပင်ပွားနှုန်းများ ကုစားမည့်နည်းလမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆင်သေရေလွှဲဆည်အတွင်းရေများကို လက်ဝဲမြောင်း၊ လက်ယာမြောင်းများမှ ရေပေးဝေမှုအခြေအနေများ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် မြို့နယ်၊ ကျေးရွာအုပ်စု စိုက်/ကြပ်အဖွဲ့များက ဆိုလာစနစ်ဖြင့် မြေအောက်ရေအသုံးပြုရေး၊ ရေသွယ်လမ်းများ ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်