မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အခြေခံပညာစာသင်ကျောင်းများအား ပြန်လည်ထူထောင်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည် ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်   ကျောက်ဆည်မြို့တွင် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးသွားသော အခြေခံပညာစာသင်ကျောင်းများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြန်လည်ထူထောင်ရှင်းလင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင်   ကျောက်ဆည်ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး ၊ ဆရာမကြီးများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများဖြင့် ပူးပေါင်း၍ ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများရှင်းလင်းရာတွင် အခြေခံပညာစာသင်ကျောင်း (၁၈၆) ကျောင်းရှိသည့်အနက်မှ မျက်နှာကျက်နှင့် နံရံထိခိုက်ပျက်ဆီးခဲ့သည့် အထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၆)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၆)ကျောင်း၊ မူလွန်ကျောင်း(၁၆)ကျောင်း၊ အမက(၆၇) ကျောင်းနှင့် အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့သည့် ကျောင်း(၁၄)ကျောင်းစုစုပေါင်း (၁၂၂)ကျောင်းထိခိုက် ပျက်စီးခဲ့ရာ ယခု ဧပြီလ(၂၂)ရက်နေ့မှစတင်၍ စာသင်ကျောင်းများကြီးကြပ်နိုင်ရေး ကျောင်းဖွင့်အမီနှစ်သုတ်တက်၊ တစ်သုတ်တက်အဖြစ် ကျောင်းများဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)