မြစ်သား ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ် ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှစားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ယမန်နေ့ နံနက်(၇)နာရီအချိန်ကရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့သက်သာဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်များ ပြင်ပပေါက်ဈေးထက်ဈေးနှုန်းချိုသာစွာရောင်းချပေးရာ ဒေသခံပြည်သူလူထုများမှလာရောက် ဝယ်ယူခဲ့ကြသည်။ ထို့သို့ရောင်းချရာတွင် ဝက်သား ၁ ပိဿာ ၂၆၀၀၀ကျပ်ဖြင့် ပိဿာပေါင်း ၃၀ပိဿာအားလည်းကောင်း၊ အမဲသား ၁ ပိဿာ ၂၈၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၃၀ ပိဿာအားလည်းကောင်း၊ ဆိတ်သား ၁ပိဿာ ၂၈၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၂၀ ပိဿာအားလည်းကောင်း၊ ကြက်သား ၁ ပိဿာ ၂၂၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၃၀ ပိဿာအားလည်းကောင်း၊ ငါး ၁ ပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၂၀ ပိဿာအားလည်းကောင်း၊ ကြက်ဥ ၁ လုံး ၄၅၀ ကျပ်ဖြင့် ၆၀၀ လုံးအားလည်းကောင်း၊ မနောသုခ ဆန် ၁ ပြည် ၃၃၀၀ ကျပ်ဖြင့် ဆန်အိတ် ၃ အိတ်(ဆန်ပြည်ပေါင်း ၇၂ ပြည်)အား လည်းကောင်း၊ စားအုန်းဆီ ၁ ပိဿာ ၇၉၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၃၃၀ ပိဿာအားလည်ကောင်း၊ ခရမ်းချဉ်သီး ၁ ပိဿာ ၁၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၀၀ ပိဿာနှင့်ဟင်သီးဟင်းရွက်မျိုးစုံတို့အား ပြင်ပပေါက်ဈေးထက်ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါ ဈေးရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ(ဒုတိယညွှန်ကြားရေးမှူး) ဦးစိုးအောင်နှင့်တာဝန်ရှိသူများမှ ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)