ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု တားဆီးလျော့ချနိုင်ရေး ညှိနှိုင်းဆွေးနွေး၊ ရေကြည်ချောင်း ရေထိန်းတံခါးတည်ဆောက်မည့် စီမံကိန်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂၄

ကချင်ပြည်နယ်အတွင်း Fire Hotspot အကြောင်းအရင်း ဖြစ်စေသည့်နေရာဒေသများတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ တားဆီးလျော့ချနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားသည်။

ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း Fire Hotspot ဖြစ်ပေါ်စေသည့် အကြောင်းအရင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိ ပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီအပါအဝင် ခရိုင်အဆင့်တွင်(၆)ခုနှင့် မြို့နယ်အဆင့်(၂)ခုဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်အဆင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာအဖွဲ့ဝင်များ အနေဖြင့် Fire Hotspot အကြောင်းအရင်းဖြစ်စေသည့် နေရာဒေသများကို ရှာဖွေဖော်ထုတ်၍ လည်းကောင်း၊ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုစီးပွားဘဝ၊ သစ်တောနှင့် ရာသီဥတု ပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းရေးအတွက်လည်းကောင်း တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ပိုမိုသိရှိနားလည်လာစေရေး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာအစိုးရဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက ပူးပေါင်းဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက Fire Hotspot နှင့် မီးခိုးမြူငွေညစ်ညမ်းမှု လအလိုက်၊ နှစ်အလိုက် ဖြစ်ပေါ်စေခဲ့မှု အခြေအနေများ၊ ထိန်းချုပ်လျှော့ ချရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် Fire Hotspot ဖြစ်ပေါ်စေမှုအပေါ် ကာကွယ်ထိန်းချုပ်လျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ထိန်းချုပ်လျှော့ချနိုင်ရေး အသိပညာပေးခြင်းနှင့် တောမီးရှို့ခြင်းကို ထိန်းချုပ်ခြင်း စသည့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ မြို့နယ်အတွင်းရှိ မဒိန်၊ နန့်ဝါ၊ ဝါရှောင်၊ အင်ဂျန်းယန်မြို့နယ်များမှ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိမ်း‌ရှောင် အိမ်ထောင်စု (၁၄၃)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်အိတ် (၁)အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် (၁၄၃)အိတ်၊ ဆီ ၁၄၃ ပိဿာ၊ ကြက်ဥများနှင့် ယာယီအဆောက်အဦ ဆောက်လုပ်နေထိုင်နိုင်ရန်အတွက် မိုးကာလိပ် (၆)လိပ်၊ သွပ် ကြိုး (၆)ပိဿာနှင့် ဝါးလုံးဝယ်ယူရန် ငွေကျပ်သိန်း ၂၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းကလည်း မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးမြှင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် သွားမည့် ရေကြည်ချောင်း ရေထိန်းတံခါး တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရေကြည်ရပ်ကွက်အတွင်းရှိ ရပ်ကွက်ဈေးအနီး လယ်လပ်မြေဖြစ်ပေါ်လျက်ရှိသည့် မြေဧရိယာ ၁၅ ဧကအတွင်းမှ ရေဝပ်ဧရိယာ ဖြစ်ပေါ်နေမှုအပေါ် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေစီးရေလာကောင်းမွန်ရေး ရေကြည်ချောင်းဖြင့်ချိတ်ဆက်၍ ရေထွက်ပေါက်အဖြစ် ကွန်ကရစ်လမ်းအောက်၌ ရေထုတ်ပြွန်ထည့်ခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လပ်မြေအဖြစ်ဖြစ်ပေါ်နေသည့် လယ် ၁၅ ဧက စနစ်ကျလယ်မြေ ပြန်လည်ထုတ်ဖော်၍ မိုးစပါးနှင့် ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ရေကြည်ချောင်းနှင့် ဧရာဝတီမြစ်ဆုံသည့်နေရာ၌ မြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအနက် အဆိုပါရပ်ကွက်တွင် မြစ်ရေအမြင့် ၁၆၅၀ စင်တီမီတာမြင့်တက်လျှင် ရေဝင် ရောက်လေ့ရှိသည့်အတွက် မြို့တစ်မြို့လုံးအတွက် မြစ်‌ရေအမြင့်ဆုံးမြင့်တက်နိုင်သည့် ၁၄၅၀ စင်တီ မီတာအထိ ကာကွယ်နိုင်ရေး အဆိုပါချောင်းပေါက်နေရာ၌ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် ရေကြည်ရေထိန်းတံခါး (၈)ပေပတ်လည် (၇)ပေါက် တည်ဆောက်နိုင်ရေး ကနဦး တိုင်းတာစစ်ဆေးခြင်းနှင့် ‌ရေကြောင်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် စီမံကိန်းလုပ် ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူး၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရေထိန်းတံခါးဧရိယာအတွင်း ပါဝင်နေသည့် လူနေအိမ်ဝန်းများအတွက် တာဖို့ပြီး မြေနေရာတွင် အစားထိုးဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)