နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်

ဇေယျာသီရိ ဧပြီ ၂၄

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဇေယျာသီရိမြို့နယ်အတွင်း ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ တက်ရောက်အားပေးစကားပြောကြားခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်တို့က မန္တလေးငလျင်ကြီးကြောင့် နေအိမ်ပြိုကျထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား အား‌ပေးစကားပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် တာဝန်ရှိသူများက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား တစ်ဦးလျှင် ၁၀၀၀၀၀၀ ကျပ်ဖြင့် စုစု‌ပေါင်း ၂၀ ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လင်းဇင်းဆောင်၌ ယာယီတည်းခိုနေထိုင်နေသည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန(ရုံးချုပ်)မှ ငလျင်ဘေးသင့်ဝန်ထမ်းများအား တွေ့ဆုံအား‌ပေးစကားပြောကြားခဲ့ပြီး သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း(ဇေယျာ)